ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့် အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲ ခတ်များနှင့် တရုတ် နိုင်ငံက သုံးသပ် ပြောဆိုသည်။ ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်းနှင့် ချင်း ရွှေဟော် ဒေသတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ယခုကဲ့သို့ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။“ချင်းရွှေဟော်နားမှာ တိုက်ပွဲကြီး ဖြစ်နေတယ်၊ မနေ့က ၀ တပ်ဖွဲ့ ၁၅၀၀ လောက်ရောက်ပြီ၊ မနက် ၁၁ နာရီကတည်းက ဖြစ်တာလို့ ကြားတယ်၊ တြိဂံဒေသဖြစ်လို့ အဖွဲ့ ပေါင်းစုံပါတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြော သည်။
ယနေ့မနက်ကလည်း လောက်ကိုင်မြို့တွင်းရှိ လက်နက်ဂိုဒေါင်နားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရ သည်။
“ဒီနေ့မနက်အစောကြီးမှာ ဖုန်ကျားရှင်အိမ်နားက လက်နက်ဂိုဒေါင်လမ်းကြားထဲမှာ ကင်းလှည့်တဲ့ ကားနဲ့ ကိုး ကန့်တပ် ပက်ပင်းတိုးပြီးဖြစ်တာ အစိုးရဘက်က၂ ယောက်သေတယ်”ဟု သျှမ်းသံတော် ဆင့်သတင်းစဉ်မှ ဦစိန်ကြည်ကပြောသည်။
ယမန်နေ့ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လက်နက်ကြီး ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီး တရုတ် ဒေသခံများ လည်းသေဆုံး ထိခိုက်မှုများရှိသည်ဟုသိရသည်။
“လက်နက်ကြီးကျည်တွေ ချင်ခန်းဒေသထဲကျတယ်၊ ဒေသခံ တယောက်သေပြီး တယောက်ဒဏ် ရာရတယ်၊ ရန် လုံကျိုင်း စခန်းမှာ လုံထိန်း၄၂ယောက်ဖမ်းမိတယ်၊ အရာရှိတွေပါတယ်၊ သေနတ် ၅၆ လက် သိမ်းထားတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင် ကျော်ဇောကပြောသည်။
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအတွင်းရှိ ဒေသခံရွာသား ၃၀၀၀၀ ခန့် တရုတ် နိုင်ငံ အတွင်း သို့ ထွက်ပြေး သွားကြောင်း အတည်မပြုနိုင်သောသတင်းများအရ သိရသည်။
“ရွာသူရွာသားတွေအများကြီး ချင်ခန်းဒေသထဲကိုဝင်လာတယ်၊ တရုတ်အာဏာပိုင်တွေက အစား အစာ၊ အ၀တ် အစား နေ စရာ ထောက်ပံ့ ပေးထားတယ်၊ ဒါပေမယ့် မလုံလောက်ဘူး၊ တချို့လည်း အစိုးရယာ ယီစခန်းတွေ မှာနေတယ်၊ တချို့က တော့ သူတို့ဆွေမျိုးတွေအိမ်တွေမှာ နေတယ်”ဟု အမည်မဖော်လိုသော ကျန်းမာရေး အ ကူအညီပေးရေးအဖွဲ့မှ ပြောသည်။
ယခုဖြစ်ပေါ်နေသော နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေ သည်ဟုသိရသည်။
“နယ်စပ်ဒေသတည်ငြိမ်မှုကို လိုလားတယ်၊နောက်၂ရက်အထိတိုက်ပွဲတွေဖြစ်မယ်ဆိုရင် အခြေအ နေဟာ ထိန်း နိုင်မှာ မဟုတ်တော့ဘူး၊ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ မြန်မာအစိုးရ ရဲ့တိုင်းရင်း သားတွေအပေါ်မှာ ထားတဲ့ သဘောထားဟာ တင်းမာလွန်းပြီး၊ တဘက်နှင့်တဘက်ညှိလိမ့်မယ် ထင်တယ်” ဟု အမည်မဖော်လိုသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီ သို့ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကလည်း“အပစ်အခတ်ရပ်စဲရေး ပျက်ပြီ ပြောရမှာ ပေါ့၊နှစ်ဘက် စလုံး အကျပ်အတည်းပါပဲ၊ အပစ်ရပ်အဖွဲ့တွေကလည်း မတင်းဘူးဆိုရင် လက်နက်ချရမှာ နောက် ပိုင်း ၀ တို့ မိုင်းလားတို့ ပါလာနိုင်တယ် မလွယ်ဘူး”ဟု သုံးသပ်သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေး အတွက် ယခု ကဲ့သို့ အတင်းအကျပ် ဆောင်ရွက် နေလျှင် နယ်စပ်ဒေသရှိ ပြည်သူများ၏ အခြေအ နေပိုမို ဆိုးရွားလာ မည်ကို လူ့အခွင့် အရေး အဖွဲ့များကစိုးရိမ် နေကြသည်။
“စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ နဲ့ဆွေးနွေးညှိနှိုင်းရမယ့်အစား အတင်းအကျပ် ဆောင်ရွက်တဲ့ နည်းနဲ့လုပ် ဆောင်နေရင် ဒီဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် အခု ထက် ပိုမို ဆိုးရွားတဲ့ အကျိုး ဆက်တွေ ခံစားရမှာကို စိုးရိမ်တယ်”ဟု အမေရိ ကန်နိုင်ငံအခြေစိုက် လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW ) မှ ဒေးဗစ် စကော့ မက်သီဆင်က ဧရာဝတီသို့ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက် နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။
ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွား ခဲ့ပြီး နောက် ခေါင်း ဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
Read more...

0 comments:
Post a Comment