ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများ ပြင်ဆင်နေကြကြောင်း ရှေ့နေကြီး ဦးဉာဏ် ၀င်းက ပြောသည်။ ၎င်းက “ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။ နောက်အပတ်မှပဲ တင်ဖြစ်မယ် ထင်ပါ တယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့တော့ မျှော်လင့်တာပဲ။ အခုထိတော့ မသိရသေးဘူး” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံနိုင်ရေးကို ယခင်က ရှေ့နေများမှတဆင့် အာဏာပိုင်များထံ တင်ပြခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင် ရွက်နေ ကြောင်း သိရသည်။ “ကျနော်တို့က ဆောင်ရွက်တာမရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက် တာ ပါ။ သူ့နေအိမ် တာဝန်ယူထားတဲ့ လုံခြုံရေးတာဝန်ခံတွေကတဆင့် ကျနော်တို့ ရှေ့နေတွေနဲ့တွေ့ဖို့ကို အကြောင်း ကြားပါတယ်။ သူတို့ခွင့်ပြုတယ်ဆိုရင် အကြောင်းကြားတဲ့ရက်မှာ သွားတွေ့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြော သည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အ ကျယ် ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။
ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံစေရန်နှင့် မူလတရား ရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့် ထုတ် ခဲ့သည်။
ယခုအယူခံတင်သွင်းခြင်းသည် အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် တရားစီ ရင်မှုအတွက် အယူခံတင်သွင်းခြင်းဖြစ်ပြီး နအဖစစ်အစိုးရက ထပ်မံကန့်သတ်ထားသော နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။
ထို့ကြောင့် အယူခံအောင်မည်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လဖြင့် နအ ဖက ထိန်းသိမ်းထားဦးမည်ဖြစ်သည်။
နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက် ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာ ဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။
သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိပေ။
Read more...

0 comments:
Post a Comment