နအဖစစ်အစိုးရ၏ တပ်ဖွဲ့အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို ငြင်းဆန်နေသည့် မြန်မာပြည်မြောက်ပိုင်း အပစ် ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့တို့ နအဖက စစ်ရေးအရ ပိုမိုဖိအားပေးလာလျှင် အတူတကွ စစ်ဆင်ရေးဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စစ်ရေးပူးတွဲ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ စစ်ရေးမဟာ မိတ်အ ဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုး ကန့် အဖွဲ့နှင့် မိုင်းလားအဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) တို့ ပါဝင်သည် ဟု ကချင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့ (၄) ဖွဲ့အနက် (၁) ဖွဲ့က နအဖနှင့်အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက ကျန်ရှိသည့်အဖွဲ့ (၃) ဖွဲ့က လည်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့၏ သဘောတူညီချက်တွင် ပါရှိကြောင်း ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။
“ဒီအပစ်ရပ်အဖွဲ့ (၄) ဖွဲ့က သူတို့ မဟာမိတ်အဖွဲ့ ဖွဲ့လိုက်တယ်ဆိုတာ အတိအလင်းတော့ ကြေညာတာ မဟုတ် ဘူးခင်ဗျ။ နအဖက ဒီအပစ်ရပ်ထိန်းချုပ်တဲ့ဒေသတွေမှာ တပ်အင်အားတိုးချဲ့နေတဲ့အတွက်ကြောင့် ဇူလိုင်လ ကတည်းက ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာ။ ဒီမဟာမိတ်အဖွဲ့က သဘောတူညီချက်တွေထဲမှာ အဓိကက နအဖက ဒီမဟာမိတ်အဖွဲ့တဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားလို့ရှိရင် အခြားအဖွဲ့တွေကလည်း နအဖကို ပြန်တိုက်ကြဖို့လည်း ပါတယ်။ နအဖက တိုက်လာရင် သူတို့က အကုန်တိုက်မယ်ပေါ့။ နအဖကလည်း အခုဆို သူတို့နယ်မြေမှာ စစ်အင်အားတွေ အများကြီး တိုးချဲ့ထားတာဆိုတော့ တိုက်ပွဲက ဒီလအတွင်းမှာတောင် ဖြစ်လာနိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည့် ကေအိုင်အို တပ်မဟာ (၄) နှင့် ကေအိုင်အို ဌာနချုပ်တို့ အဆက်အသွယ် ပြတ်တောက်စေရန်အတွက် ကေအိုင်အိုအဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသတလျှောက်တွင် နအဖစစ်တပ်မှ အင်အား (၅) သောင်းခန့် ရောက်ရှိနေကြောင်း ကိုနော်ဒင်က ပြောသည်။
“နအဖနဲ့ ဒီဘက် (မြောက်) ပိုင်းက အပစ်ရပ်အဖွဲ့တွေရဲ့အခြေအနေက အတော်လေးကို ဆိုးနေပြီ။ နောက်ဆုံး အခြေအနေအရ ဒေါ်စုကိုလည်း ထောင်ဒဏ် ပြန်ချထားလိုက်ပြီဆိုတော့ အပစ်ရပ်အဖွဲ့တွေအပေါ်မှာလည်း ဖိ အားတွေ ပိုပြီးများလာနိုင်လို့ ကေအိုင်အိုကလည်း အသင့်အနေအထားမှာ ရှိနေတယ်။ ကျေးလက်ဒေသက လူ တွေက လုံခြုံရာကို ပြောင်းရွှေ့နေကြပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ ယခုလက်ရှိအင်အားမှာ တပ်ဖွဲ့ဝင် (၂) သောင်းဝန်းကျင်ရှိကြောင်း အ ထွေထွေ အတွင်းရေးမှုး ဒေါက်တာ လဂျာက ပြောသည်။
ပြီးခဲ့သည့် စနေနေ့၌ နအဖစစ်တပ်က မူးယစ်ဆေးဝါး ရှာဖွေရေး အကြောင်းပြချက်ဖြင့် ရှမ်းပြည် အ ရှေ့ မြောက် ပိုင်း၊ ကိုးကန့်ဒေသရှိ ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့၍ နှစ်ဖက် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်။
ကိုးကန့်အဖွဲ့နှင့် နအဖစစ်တပ်အကြား အခြေအနေ တင်းမာနေသည့်အတွက် ဒေသခံအရပ်သား (၁) သောင်း ကျော်ခန့် တရုတ်ပြည်ဘက်ခြမ်းသို့ တိမ်းရှောင်နေကြရပြီး ကျေးလက်ဒေသမှ ရွာသားများကလည်း နီးစပ်ရာ မြို့များသို့ သွားရောက် ခိုလှုံနေကြရကြောင်း တရုတ်နယ်စပ်မှ သတင်းများအရ သိရသည်။
Read more...

No comments:
Post a Comment